
Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဟာ အိန္ဒိယမှာ အင်တာနက်ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။
Starlink ဟာ မကြာသေးခင်ကပဲ အိန္ဒိယဈေးကွက်မှာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုရုံးခွဲဖွင့်လှစ်ခဲ့တာပါ။ အီလွန်မတ်စ်ပိုင် SpaceX ရဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Starlink ဟာ အိန္ဒိယဈေးကွက်မှာ အင်တာနက်ဝန်ဆောင်မှုကို ပိုသက်သာတဲ့နှုန်းထားတဲ့ လူများများ သုံးနိုင်အောင် ဈေးလျှော့ပေးဖို့ ပြင်နေတယ်လို့ Hindustan Times သတင်းက ဖော်ပြထားပါတယ်။

အိန္ဒိယဈေးကွက်မှာ နိုင်ငံတကာဈေးကွက်ထက် ပိုသက်သာတဲ့နှုန်းထားနဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပြီး လောလောဆယ်မှာ Deposit အပ်ငွေကြိုသွင်းပြီး pre-booking ဖွင့်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ Starlink Service အတွက် Deposit နှုန်းထားဟာ ရူပီး ၇၅၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ခန့် ကျသင့်မှာပါ။ Package တစ်ခုမှာ Starlink ဂြိုလ်တုဖမ်းစက် ၊ Receiver တစ်ခုနဲ့အင်တာနက်ချိတ်ဆက်ဖို့ လိုအပ်တဲ့ ပစ္စည်းအားလုံး ပါဝင်မှာ ဖြစ်ပါတယ်။
ကနဦးအနေနဲ့ အင်တာနက်မြန်နှုန်းဟာ 100 Mbps ကနေ 150Mbps အတွင်း ရမယ်လို့လည်း ဆိုပါတယ်။ နောက်ထပ် Starlink ဂြိုလ်တုတွေ အနိမ့်ကမ္ဘာပတ်လမ်း Low-Earth Orbit ထဲ လွှင့်တင်ပြီးသွားချိန်မှာ အင်တာနက်မြန်နှုန်းဟာ Gbps နှုန်းအထိ ရဖို့လည်း မျှော်မှန်းထားပါတယ်။ လတ်တလောမှာတော့ Starlink ဝန်ဆောင်မှုကို ဈေးကွက်ထဲ စမ်းသပ်ဆဲ အနေအထားမှာ ရှိပြီး ၂၀၂၂ ဒုတိယနှစ်ဝက်မှာ စီးပွားဖြစ် ဖြန့်ချိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

သတင်းတွေအရ Starlink ဟာ နယူးဒေလီတစ်ဝိုက်က ကျောင်းတွေအတွက် ဂြိုလ်တုဖမ်းစက် ၁၀၀ ထောက်ပံ့ထားပြီး ဒီထဲက အလုံး ၂၀ ကို ဒေလီမှာ ရှိတဲ့ စာသင်ကျောင်းတွေအတွက် ဖြန့်ချိထားပြီး ကျန်တဲ့ အလုံး ၈၀ ကို ဒေလီမြို့တစ်ဝိုက်က ကျေးလက်ဒေသတွေကို ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Stalinkဟာ အိန္ဒိယတယ်လီကွန်းကုမ္ပဏီတွေဖြစ်တဲ့ Jio ဒါမှမဟုတ် Vodafone Idea တို့နဲ့လည်း လက်တွဲသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
စောစောပိုင်း Starlink ဝန်ဆောင်မှုတွေကို အိန္ဒိယနိုင်ငံအတွင်းက အင်တာနက်ရဖို့ အလွန်ခက်ခဲတဲ့ ဒေသတွေကို ပစ်မှတ်ထားပြီး ဖြန့်ချိသွားမှာပါ။ ကုမ္ပဏီအနေနဲ့ ဈေးနှုန်းအရရော အင်တာနက် Access အရပါ ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးဖို့ ပြင်နေတာ ဖြစ်ပါတယ်။ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို အိန္ဒိယဈေးကွက်မှာ စိတ်ဝင်စားမှုအားကောင်းနေတယ်လို့လည်း ဆိုပါတယ်။
