Cybercrime များရန်မှကာကွယ်ရန် နည်းလမ်းကောင်းများ

ဒီရက်ပိုင်းတွေမှာ cybercrime ဆိုတဲ့ဝေါဟာရကိုမကြာခဏကြားကြားနေရမှာပါ။ ဒီတော့ အဲ့ဒီ cybercrime ဆိုတာကြီးက ကိုယ့်ဆီမှာလာဖြစ်လာမယ်ဆိုရင်ရော? ဒီတော့ cybercrime ဆိုတာဘယ်လိုမျိုးလဲဆိုတာနဲ့ အမျိုးအစားတွေကို သေချာသိထားမယ်ဆိုရင်တော့ ကိုယ့်ဆီလာဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းကိုတော်တော်များများ လျော့ချပေးနိုင်မယ်ဆိုတာ သေချာပါတယ်။ 

ဒီ post ထဲမှာတော့ cybercrime တွေအကြောင်းသိသင့်သိထိုက်တာတွေနဲ့ အွန်လိုင်းပေါ်မှာလုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုပြောပြပေးသွားမှာပါ။​ ဘာတွေပါဝင်မလဲဆိုရင်တော့- 

  • Cybercrime ဆိုတာဘာလဲ
  • Cybercrime အမျိုးအစားများ
  • ဘယ်လိုအခြေအနေမျိုးတွေကို cybercrime လို့သတ်မှတ်တာလဲဆိုတာကို ဥပမာများနှင့်တကွဖော်ပြခြင်း
  • Cybercrime များကို ကိုယ့်ဆီမှာဖြစ်မလာအောင်တားဆီးနည်း

အစရှိတာတွေကိုပြောပြပေးသွားမှာပါ။

Cybercrime ဆိုတာဘာလဲ?

Cybercrime ဆိုတာ computer တစ်ခု၊​ computer network တစ်ခုသို့မဟုတ် network device တစ်ခုခုကို တရားမဝင်တိုက်ခိုက်မှုကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

အားလုံးတော့မဟုတ်ပေမယ့် ဒီလို Cybercrime ပြုလုပ်တတ်တဲ့ Hacker အများစုကငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာ ရယူလိုတဲ့အတွက် တိုက်ခိုက်တာမျိုးဖြစ်ပြီး  အဖွဲ့အစည်းလိုက်ဖြစ်နိုင်သလို တစ်ဦးတစ်ယောက်တည်းလဲ တိုက်ခိုက်တတ်ကြပါတယ်။

တစ်ချို့က စွမ်းဆောင်ရည်မြင့်မားတဲ့ဟက်ကာတွေနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်လေ့ရှိပြီး တစ်ချို့ကတော့ ရိုးရိုးသားသားစမ်းသပ်လိုတဲ့ရည်ရွယ်ချက်ကြောင့်တိုက်ခိုက်တတ်ကြပါတယ်။

ရှာပါးတဲ့ကိစ္စရပ်မျိုးတွေဖြစ်တဲ့ ငွေကြေးတစ်စုံတစ်ရာရယူလိုမှုကြောင့်မဟုတ်ဘဲ​ နိုင်ငံရေးအကျိုးအမြတ် သို့မဟုတ် ပုဂ္ဂိုလ်ရေးအငြိုးအတေးကြောင့် တိုက်ခိုက်တတ်တာမျိုးလဲရှိတတ်ပါတယ်။​

Cybercrime အမျိုးအစားများ

အခုရေးပြပေးသွားမယ့်အရာတွေက တွေ့ရလေ့ရှိတဲ့ Cybercrime အမျိုးအစားတွေပဲဖြစ်ပါတယ်-

  • အီးမေးလ် နှင့် အင်တာနက်ပေါ်ကလိမ်လည်မှုများ
  • ကိုယ်ရေးအချက်အလက်လိမ်လည်ရယူမှု
  • ငွေကြေးလွှဲပြောင်းမှုဆိုင်ရာအချက်အလက်များနှင့် card အချက်အလက်များရယူမှု
  • Corporate data များကို ခိုးယူခြင်းနှင့် ပြန်လည်ရောင်းချမှု
  • Cyberextortion (ခြိမ်းခြောက်ငွေညစ်မှု)
  • Ramsomware Attacks (ခြိမ်းငွေညှစ်မှုအမျိုးအစားဝင်)
  • Cryptojacking (cryptocurrency mine ဖို့အတွက် သင့်ကွန်ပျူကိုကြားခံအသုံးပြုခြင်း)
  • Cyberespionage (အစိုးရဌာန သို့မဟုတ် ကုမ္ပဏီဒေတာများကို တရားမဝင် access ရယူမှု)

Cybercrime အများစုကို ဒီလိုအမျိုးအစားနှစ်မျိုးအဖြစ် အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်-

  • Target အဖြစ်ရည်ရွယ်တိုက်ခိုက်ခြင်း
  • အခြားကွန်ပျူတာ သို့မဟုတ် ကွန်ယက်ကို တိုက်ခိုက်နိုင်ရန် ကြားခံအသုံးပြုခြင်း

တို့ပဲဖြစ်ပါတယ်။

Target အဖြစ်ရည်ရွယ်တိုက်ခိုက်ခြင်းအမျိုးအစားထဲမှာတော့ Virus နှင့် အခြား Malware အမျိုးအစားတစ်ခုခုကို အသုံးပြုပြီး တိုက်ခိုက်လေ့ရှိပါတယ်။ တိုက်ခိုက်သူက Device ကို ထိခိုက်စေလိုခြင်း သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုခုကို ရပ်ဆိုင်းသွားအောင် ပြုလုပ်ရန်အတွက် Virus သို့မဟုတ် Malware တစ်ခုခုကို ကူးစက်အောင်ပြုလုပ်တတ်ကြပါတယ်။ Malware များကိုအသုံးပြုပြီး ဒေတာများကို ခိုးယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်းများလည်း ပြုလုပ်လေ့ရှိပါတယ်။

Machine သို့မဟုတ် Network ကိုအသုံးပြု၍မရအောင်ပြုလုပ်ခြင်း၊ သိုမဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခုကို Customer များဆီသို့ဝန်ဆောင်မှုမပေးနိုင်အောင်နှောက်ယှက်ခြင်း စတဲ့ Cybercrime အမျိုးအစားကို Denial-of-Service (DoS) တိုက်ခိုက်ခြင်းလို့ခေါ်ပါတယ်။

ကွန်ပျူတာတစ်ခုကိုအသုံးပြုပြီး အခြားပြစ်မှုများကိုကျူးလွန်ခြင်းမျိုးတွင် ကွန်ပျူတာများ သို့မဟုတ် ကွန်ယက်များအတွင်းသို့ Malware များပြန့်ပွားအောင်ပြုလုပ်ခြင်း၊ တရားမဝင် သတင်းအချက်များနှင့် ပုံရိပ်များ ဖြန့်ဝေခြင်းများပါဝင်ပါတယ်။

တစ်ခါတစ်ရံတိုက်ခိုက်သူများဘက်မှ ဒီအမျိုးအစားနှစ်ခုစလုံးကို တစ်ပြိုက်နက်ပြုလုပ်တတ်ကြပါတယ်။ ကွန်ပျူတာများကို Virus များအရင်ကူးစက်စေပါတယ်။ ထိုမှတစ်ဆင့် အခြားစက်များဆီသို့ အင်တာနက် သို့မဟုတ် ကွန်ယက်တစ်ခုခုကိုသုံးပြီး ပြန့်ပွားစေပါတယ်။ 

Cybercriminal များအနေနဲ့ Distributed-Denial-of-Service (DDoS) တိုက်ခိုက်မှုမျိုးကိုလဲ ပြုလုပ်တတ်ကြပါတယ်။ DoS အမျိုးအစားတိုက်ခိုက်ပုံမျိုးပဲဖြစ်ပြီး ဒီအမျိုးအစားကတော့ Virus သို့မဟုတ် Malware ကူးစက်ခံထားရတဲ့ စက်ပစ္စည်းအမြောက်အမြားကိုအသုံးပြုပြီး Target တစ်ခုတည်းကို တစ်ပြိုက်နက်တည်းတိုက်ခိုက်ခြင်းမျိုးဖြစ်ပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာနိုင်ငံအများစုက European Convention of Cybercrime ကိုလက်မှတ်ရေးထိုး ပါဝင်နေကြပါတယ်။ ဒီသဘောတူညီချက်အရ Cybercrime အဖြစ်သတ်မှတ်နိုင်တဲ့ လုပ်ဆောင်ချက်များ အနေနဲ့-

  • ဒေတာများကိုကြားဝင်နှောက်ယှက်ခြင်းနှင့် ခိုးယူခြင်း
  • ကွန်ယက်တစ်ခုခုကိုလုပ်ဆောင်ချက်မှားယွင်းအောင်ပြုလုပ်ခြင်း
  • မူပိုင်ခွင့်ချိုးဖောက်ခြင်း
  • တရားမဝင်လောင်းကစားမှုလုပ်ဆောင်ခြင်း
  • တရားမဝင်ပစ္စည်းများ အင်တာနက်မှတစ်ဆင့် ရောင်းဝယ်ခြင်း
  • ကလေးသူငယ်လိင်မှုကိစ္စများကို ဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း

တို့ဖြစ်ပါတယ်။

Cybercrime ဥပမာများ

ဒီတော့ ဘယ်လိုမျိုးက Cybercrime လို့အတိအကျသတ်မှတ်ကြသလဲဆိုတာနဲ့ လူသိများတဲ့ ဥပမာများကို ဆက်ပြောပြသွားမှာပါ။

ဒီအပိုင်းမှာတော့ ဒီနှစ်ပိုင်းတွေမှာလူသိများကျော်ကြားခဲ့တဲ့ တိုက်ခိုက်မှုများကိုဖော်ပြပေးသွားမှာဖြစ်ပြီးတော့ ဒီကနေတစ်ဆင့် ဘယ်လိုလုပ်ဆောင်မှုမျိုးက Cybercrime အဖြစ်သတ်မှတ်သလဲဆိုတာ သိရှိနိုင်ပါတယ်။

Malware attacks

Malware တိုက်ခိုက်မှုဆိုတာ computer system တစ်ခု သို့မဟုတ် network တစ်ခုကို Virus တစ်ခု သို့မဟုတ် Malware အမျိုးအစားတစ်ခုခု ကူးစက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။

Malware ကူးစက်ခံထားရတဲ့ ကွန်ပျူတာတစ်လုံးကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ လှို့ဝှက်အချက်အလက်များကိုခိုးယူခြင်း၊ ကူးစက်ခံကွန်ပျူတာကိုအသုံးပြု၍ အခြားဒုစရိုက်မှုများ ဆောင်ရွက်ခြင်း သို့မဟုတ်ဟုတ် ဒေတာများကိုပျက်စီးစေခြင်းတို့ပါဝင်ပါတယ်။

ထင်ရှားတဲ့ Malware တိုက်ခိုက်မှုဥပမာတစ်ခုအနေနဲ့ ၂၀၁၇ ခုနှစ် မေလကစတင်ဖြစ်ပွားခဲ့တဲ့ WannaCry ransomware တိုက်ခိုက်မှုဖြစ်ပါတယ်။

Ransomware ဆိုတာလဲ Malware အမျိုးအစားတစ်ခုဖြစ်ပြီး တိုက်ခိုက်ခံရသူရဲ့ ဒေတာများ သို့မဟုတ် ကိရိယာများကို ထိန်းချုပ်ထားပြီး ငွေညှစ်ခြင်းဖြစ်ပါတယ်။ WannaCry ဆိုတာ Ransomware အမျိုးအစား တစ်ခုဖြစ်ပြီး Microsoft Windows အသုံးပြုနေတဲ့ ကွန်ပျူတာများရဲ့ အားနည်းချက်ကတစ်ဆင့် တိုက်ခိုက်ခြင်းဖြစ်ပါတယ်။

WannaCry ransomware တိုက်ခိုက်မှုဖြစ်ပွားတဲ့အချိန်တုန်းက နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာပေါင်း ၂၃၀,၀၀၀ ဝန်းကျင်ကူးစက်ခံခဲ့ရပါတယ်။ အသုံးပြုသူများအနေနဲ့ သူရဲ့ file များကိုသော့ခတ်ခံလိုက်ရပြီး ဝင်ရောက်အသုံးပြုခွင့်ရရှိဖို့အတွက် BitCoin ပြန်ပေးငွေပေးဆောင်ရမည်ဆိုတဲ့ Message ကိုမြင်တွေ့ကြရတာပါ။

တစ်ကမ္ဘာလုံးအနေနဲ့ WannaCry တိုက်ခိုက်မှုကြောင့် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ငွေကြေးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြပါတယ်။

Phishing

Phishing campaign တစ်ခုဆိုတာ Spam Emails များ သို့မဟုတ် အခြားဆက်သွယ်အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးနည်းလမ်းအမျိုးမျိုးဖြင့် လက်ခံသူရဲ့လုံခြုံရေးအချက်အလက်များ သို့မဟုတ် အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းရဲ့ လုံခြုံရေးအချက်အလက်များကို ကျိုးပေါက်အောင်တစ်ဖက်လှည့်ဖြင့် ဆောင်ရွက်စေခြင်းဖြစ်ပါတယ်။

Phishing campaign message တွေမှာ လက်ခံသူရဲ့ computer သို့မဟုတ် mobile device တွေကို malware ကူးစက်စေနိုင်မယ့် attachment သို့မဟုတ် website တစ်ခုခုကိုခေါ်ဆောင်သွားပေးမယ့် စာသားများပါဝင်လေ့ရှိပါတယ်။ ဒါမှမဟုတ် လက်ခံသူကို Confidential information များကို တစ်ဖက်လှည့်ဖြင့် ဖြည့်သွင်းခိုင်းခြင်းများပါဝင်ပါတယ်။

ထင်ရှားတဲ့ phishing scam ဥပမာအနေနဲ့ ၂၀၁၈ ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲကာလအတွင်း ဖြစ်ပွားခဲ့ပါတယ်။ Inc ရဲ့သတင်းပို့ချက်အရ ကမ္ဘာတစ်ဝှမ်းက ဘောလုံးပရိတ်သတ်တွေထံသို့ phishing email တွေပေးပို့ခဲ့ပါတယ်။

Email တွေအတွင်းပါဝင်တာကတော့ ကမ္ဘာဖလားပြိုင်ပွဲကျင်းပရာနေရာဖြစ်တဲ့ မော်စကိုသို့အခမဲ့သွားရောက်ခွင့်ရယူရန်ဆိုပြီး မြုဆွယ်ထားတာပဲဖြစ်ပါတယ်။ ဒီလိုအီးမေးလ်တွေအတွင်း ပါဝင်တဲ့ links တွေကိုနှိပ်လိုက်တဲ့သူတွေအနေနဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူခံလိုက်ရတာဖြစ်ပါတယ်။ 

နောက်ထပ် Phishing campaign တစ်ခုအဖြစ် spear-phishing ကိုလဲ လူသိများကြပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးကတော့ သီးသန့်တစ်စုံတစ်ယောက်ကို ပစ်မှတ်ထားပြီး သူတို့အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းရဲ့ လုံခြုံရေးကိုကျိုးပေါက်အောင် ပြုလုပ်စေခြင်းဖြစ်ပါတယ်။ Mass phishing campaign တွေနဲ့မတူတာကတော့ ဒီလို phishing email တွေက စတိုင်ကျကျပေးပို့လာတတ်တာမျိုးဖြစ်ပြီး လက်ခံသူယုံကြည်ရတဲ့လူတစ်ဦးတစ်ယောက်ဆီက ပေးပို့လာသလိုမျိုး ဟန်ဆောင်တတ်ကြတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကုမ္ပဏီရဲ့ CEO သို့မဟုတ် IT Manager ဆီကပေးပို့တဲ့ အီးမေးလ်အသွင်ဟန်ဆောင်ထားတတ်ကြတာပါ။ ရုတ်တရက်ပုံမှန်ကြည့်လိုက်ရင် အတုမှန်းဘယ်လိုမှခွဲလို့မရတတ်ကြပါဘူး။

Distributed DoS attacks

Distributed DoS attacks (DDoS) တိုက်ခိုက်မှုဆိုတာက ဟက်ကာတွေအနေနဲ့ system တစ်ခု သို့မဟုတ် network တစ်ခုကိုပြုတ်ကျစေချင်တဲ့အခါမျိုးမှာအသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။​ တစ်ခါတစ်ရံ  IoT (internet of thing) ပစ္စည်းတွေဖြစ်တဲ့ အင်တာချိတ်ဆက်အသုံးပြုနိုင်တဲ့ ကိရိယာတွေမှတစ်ဆင့်လဲ DDoS တိုက်ခိုက်မှုမျိုးလုပ်ဆောင်နိုင်ပါတယ်။

DDoS တိုက်ခိုက်မှုတစ်ခုက system တစ်ခုကို ပုံမှန်လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေကိုအသုံးပြုပြီး အကြိမ်ရေထောင်သောင်းချီတစ်ပြိုင်နက် လုပ်ဆောင်စေခြင်းအားဖြင့် ပစ်မှတ်ကိုလုံးဝအသုံးပြု၍ မရအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ခြိမ်းခြောက်ငွေညှစ်လိုတဲ့ ဟက်ကာတွေအနေနဲ့ ဒီလိုမျိုး DDoS တိုက်ခိုက်မှုမျိုးကိုအသုံးပြုပြီး ပြန်ပေးငွေတောင်းဆိုလေ့ရှိတတ်ကြပါတယ်။​ နောက်တစ်နည်းအနေနဲ့ အခြားသောတိုက်ခိုက်မှုအမျိုးအစားများကို ဆောင်ရွက်နေစဉ်အချိန်အတွင်းမှာလဲ DDoSတိုက်ခိုက်မှုကို အယောင်ပြလှည့်စားမှုတစ်ခုအနေနဲ့ အသုံးချတတ်ကြပါတယ်။

ဒီလိုတိုက်ခိုက်မှုအတွက်ထင်ရှားတဲ့ဥပမာအနေနဲ့ ၂၀၁၇ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ UK National Lottery website ကိုတိုက်ခိုက်ခံရမှုကထင်ရှားပါတယ်။​ ဒီတိုက်ခိုက်မှုကြောင့် Lottery Website နဲ့ Mobile App တို့ offline ဖြစ်သွားပြီး နိုင်ငံသားတို့အနေနဲ့ ထီပေါက်စဉ်တိုက်ခွင့် ဆုံးရှုံးသွားခဲ့ပါတယ်။

Cybercrime များရန်မှဘယ်လိုကာကွယ်မလဲ?

ဒီတော့အခုလောက်ဆိုရင် ဒီလို cybercrime များရဲ့အန္တရာယ်တွေကို သိရှိပြီးသွားပြီဆိုတော့ ဘယ်လိုနည်းလမ်းတွေက သင်နဲ့သင့်ရဲ့ကွန်ပျူတာကို အကောင်းမွန်ဆုံးကာကွယ်ပေးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်-

Software နဲ့ Operation System ကို Update အမြဲတင်ပါ

သင့်ရဲ့ကွန်ပျူတာအတွင်း ထည့်သွင်းထားတဲ့ Software တွေနဲ့ OS တွေကိုနောက်ဆုံး Update အမြဲတမ်းတင်ပေးထားခြင်းက နောက်ဆုံးထွက်ရှိထားတဲ့ Security Patches တွေကို ကွန်ပျူတာထဲထည့်သွင်းခြင်းဖြစ်တာကြောင့် မဖြစ်မနေလုပ်ဆောင်သင့်တဲ့အရာတစ်ခုပါ။ ဒါကြောင့်လဲ Windows OS သုံးတယ်ဆိုရင် နောက်ဆုံး Update အမြဲတမ်း Official တင်ပြီးအသုံးပြုနိုင်တဲ့အတွက် License Version ကိုသာအသုံးပြုသင့်ပါတယ်။

Anti-virus Software တစ်ခုခုအသုံးပြုပြီး အမြဲတမ်း update ဖြစ်နေပါစေ

Anti-virus software သို့မဟုတ် Internet solution software တစ်ခုခုအသုံးပြုခြင်းက ဒီလိုတိုက်ခိုက်မှုမျိုးတွေကိုအကာအကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုပါ။

Anti-virus software တွေက သင်ရဲ့ကွန်ပျူတာအတွင်းသိမ်းဆည်းထားတဲ့ဖိုင်များကို ပြဿနာဖြစ်မလာခင်အချိန်မှာပဲ scan, detect, remove ပြုလုပ်နိုင်တဲ့အတွက် ဒီလိုအကာအကွယ်တစ်ခုခု ထည့်သွင်းထားခြင်းက သင်ရဲ့ကွန်ပျူတာနဲ့ အချက်အလက်များကို ကာကွယ်နိုင်မည့်အပြင် စိတ်သက်သာသာ အလုပ်လုပ်စေနိုင်မှာပါ။

အကယ်၍ anti-virus တစ်မျိုးမျိုးကိုအသုံးပြုနှင့်ပြီးသားဆိုရင်လဲ နောက်ဆုံး security update အမြဲတင်ထားဖို့လဲ လိုအပ်ပါသေးတယ်။​ Malware နှင့် Virus အမျိုးအစားပေါင်းစုံ တစ်နေ့တစ်မျိုးမရိုးရအောင် ထွက်နေလျက်ရှိတာကြောင့် security update ဆိုတာလဲ အမြဲတမ်းထွက်ရှိနေမှာပါ။

ခိုင်မာတဲ့ Password များကိုသာအသုံးပြုပါ

တခြားသူတွေမှန်းဆလို့မရနိုင်မယ့် သို့မဟုတ် အလွယ်တကူမမှတ်မိနိုင်မယ့် Password မျိုးကိုသာ အမြဲတမ်းအသုံးပြုပါ။

Spam Email တွေမှာပါဝင်တတ်တဲ့ attachment တွေကိုဘယ်တော့မှ မဖွင့်မိပါစေနဲ့

Malware တိုက်ခိုက်မှုတွေနဲ့ အခြားသောတိုက်ခိုက်မှုတိုင်းအတွက် အခုအချိန်အထိအလုပ်အဖြစ်ဆုံးနဲ့ အရိုးရှင်းဆုံးသောနည်းလမ်းက Spam Email များမှတစ်ဆင့်ဖြစ်ပါတယ်။​ သင်မသိတဲ့လူတစ်ဦးတစ်ယောက်က ပေးပို့လာတဲ့ Email များမှာပါလာတဲ့ ဘယ်လို attachment မျိုးကိုမှ လက်လွတ်စပယ်ဖွင့်မကြည့်ပါ။

Spam Email များ သို့မဟုတ် မယုံကြည်ရတဲ့  Website များအတွင်းက link များကိုမနှိပ်မိပါစေနဲ့

တိုက်ခိုက်သူတွေအတွက် နောက်ထပ်အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ Spam Email များ၊ Message များနှင့် Website များအတွင်းက Link များမှတစ်ဆင့် Malware ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။​ အွန်လိုင်းပေါ်မှာ လုံခြုံစွာနေထိုင်နိုင်ဖို့အတွက် ဒီလိုအပြုအမူများကိုလဲ ရှောင်ရှားသင့်ပါတယ်။

ယုံကြည်စိတ်ချရခြင်းမရှိတဲ့အရာများမှတစ်ဆင့် Personal Information များကိုမပေးမိပါစေနဲ့

ဖုန်းမှတစ်ဆင့် သို့မဟုတ် email မှတစ်ဆင့် တစ်ဖက်လူကိုယုံကြည်စိတ်ချခြင်းမရှိဘူးဆိုရင် personal data များကို ပေးအပ်ခြင်းမျိုးရှောင်ရှားသင့်ပါတယ်။​ ကိုယ်ပြောနေတဲ့အရာနဲ့ သက်ဆိုင်တဲ့သူဆိုတာသေချာအောင် အရင်ပြုလုပ်သင့်ပါတယ်။

သံသယဖြစ်ဖွယ်တောင်းဆိုမှုများအတွက် သက်ဆိုင်ကုမ္ပဏီကိုတိုက်ရိုက်ဆက်သွယ်ပါ

တစ်ဖက်ကတစ်ခုခုနဲ့သက်ဆိုင်တဲ့ ဒေတာများကိုတောင်းဆိုနေပြီဆိုရင် ချက်ချင်းဖုန်းချလိုက်ပါ။​ Official Website  မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်များကို ပြန်လည်ခေါ်ဆိုပြီး တစ်ဖက်အဖွဲ့အစည်းက အမှန်တကယ်ဖြစ်တယ်ဆိုတာကို အရင်သေချာအောင်စစ်ဆေးပါ။

ဒါမှမဟုတ်လဲ​ ခေါ်ဆိုလာတဲ့ဖုန်းနံပါတ်ကို အခြားနံပါတ်တစ်ခုဖြင့် ပြန်လည်ခေါ်ဆိုကြည့်လိုက်ပါ။​ ကိုယ့်နံပါတ်နဲ့ပဲပြန်လည်ခေါ်ဆိုပါက သင်မှန်းရိပ်မိပြီးဆက်လက်ဟန်ဆောင်နေနိုင်လို့ပါ။

သွားရောက်လိုတဲ့ Website URL ကိုအမြဲတမ်းသတိထားပါ

သင်နှိပ်တော့မယ့် URL တိုင်းကိုသတိထားပါ။ တကယ့်အစစ်အမှန်ရောဟုတ်ရဲ့လား?​ မရင်းနှီးတဲ့ သို့မဟုတ် သံသယဖြစ်လောက်စရာ URL များကိုနှိပ်ခြင်းမျိုး ရှောင်ရှားသင့်ပါတယ်။

သင့်ရဲ့ Bank Statement ကိုအမြဲတမ်းစစ်ဆေးပါ

အပေါ်ကနည်းလမ်းများမှတစ်ဆင့် Cybercrime တိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်တယ်ဆိုပေမယ့် တကယ်လို့ ကျရှုံးသွားခဲ့မယ်ဆိုခဲ့ရင်တော့ သင်ကိုယ်တိုင်သားကောင်ဖြစ်နေပြီးလားဆိုတာအမြန်ဆုံးသိရဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။

ဒါကြောင့် သင့်ရဲ့  Bank Statement ကိုအမြဲတမ်းစစ်ဆေးသင့်ပြီး မရင်းနှီးတဲ့ငွေကြေးလုပ်ဆောင်ချက်တစ်စုံတစ်ရာ ရှိနေခဲ့မယ်ဆိုရင် ဘဏ်ကိုချက်ချင်းဆက်သွယ်ပြီး မေးမြန်းသင့်ပါတယ်။​ ဘဏ်မှတစ်ဆင့် ထိုလုပ်ဆောင်ချက်က အစစ်အမှန်လားဆိုတာ စစ်ဆေးနိုင်ပါတယ်။

အပေါ်မှာပြောပြထားတဲ့နည်းလမ်းတွေကို သတိထားပေးမယ်ဆိုရင် ဆိုင်ဘာတိုက်ခိုက်ခံရမှုရန်မှ အတော်အတင့်သင့်ကိုကာကွယ်မှု ပေးနိုင်ပါလိမ့်မယ်။

Leave a Comment

Your email address will not be published. Required fields are marked *