ဒေါ်လာ ၆၁၅ သန်းကျော် Crypto ခိုးယူမှု မြောက်ကိုရီးယားဟက်ကာတွေနဲ့ ဆက်စပ်နေတယ်လို့ဆို

ကမ္ဘာကျော် Lazarus Group လက်ချက်မကင်းဘူးလို့ ဆိုပါတယ်

နာမည်ကျော် အွန်လိုင်းဂိမ်း Axie Infinity ကစားသူတွေဆီက ကမ္ဘာ့အကြီးဆုံး Crypto ဓါးပြတိုက်မှုဟာ မြောက်ကိုရီးယားဟက်ကာတွေရဲ့ လက်ချက်လို့ အမေရိကန်အာဏာပိုင်တွေက ယူဆထားပါတယ်။ 

အမေရိကန်အာဏာပိုင်တွေရဲ့ ကြာသာပတေးနေ့က ထုတ်ပြန်ချက်ထဲမှာ Lazarus Group ဆိုတဲ့ မြောက်ကိုရီးယားဟက်ကာအဖွဲ့ဟာ ဒေါ်လာ ၆၁၅ သန်း (ပေါင် ၄၆၉ သန်း) တန်ဖိုးရှိတဲ့ Cryptocurrency တွေကို ဆိုက်ဘာတိုက်ခိုက် ခိုးယူမှုနဲ့ ဆက်စပ်မှုရှိနေတယ်လို့ ဖော်ပြထားတာပါ။ Lazarus ဟာ မြောက်ကိုရီးယားထောက်လှမ်းရေးဗြူရိုအဖွဲ့က ထိန်းချုပ်ထားတယ်လို့ ယူဆထားတဲ့ ဟက်ကာအဖွဲ့လည်း ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ ဒီ Crypto ခိုးယူမှုအတွက် Lazarus Group နဲ့ APT38 (မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ ဆိုက်ဘာတိုက်ခိုက်သူတွေ) မှာ တာဝန်ရှိတယ်လို့ အတည်ပြုနိုင်ပါတယ်။” လို့ FBI အဖွဲ့က ထုတ်ပြန်ပါတယ်။ 

Lazarus Group ဟာ ၂၀၁၄ ခုနှစ်က Sony Pictures ကို ဆိုက်ဘာထိုးဖောက်မှု လုပ်ခဲ့ပြီး လျှို့ဝှက်အတွင်းရေး အချက်အလက်တွေကို အများရှေ့ ချပြခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ အဖွဲ့လည်း ဖြစ်သလို ကမ္ဘာအနှံ့က ကွန်ပျူတာသိန်းနဲ့ချီ ဆိုက်ဘာတိုက်ခိုက် ငွေညှစ်မှုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် WannaCry Ramsomware တိုက်ခိုက်မှုမှာလည်း တာဝန်ရှိတဲ့ ဟက်ကာအဖွဲ့လို့ ယူဆထားပါတယ်။ 

ပြီးခဲ့တဲ့ မတ်လထဲမှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော် Blockchain ဂိမ်း Axie Infintiy ဖြစ်ရပ်မှာတော့ ကုမ္ပဏီရဲ့ Ronin Blockchain နဲ့ Transaction လုပ်တဲ့ လမ်းကြောင်းကို ဟက်ကာတွေက ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ပြီး Ethereum 173600 နဲ့ USDC Stable Coin ၂၅.၅ သန်းဖိုးကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။ Aixe Infinity ဂိမ်းဟာ Ethereum နဲ့ USDC Coin တွေကို Ronin ကွန်ရက်ပေါ် စပေါ်တင်ပြီး NFT items တွေ ဝယ်ရောင်းလုပ်ပါတယ်။ 

မြောက်ကိုရီးယားဟာ Crypto သုံးပြီး အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုကို ရှောင်လွှဲဖို့ ကြိုးစားနေတယ်လို့ ဆိုက်ဘာလုံခြုံရေးသုတေသီတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာပဲ အသက် ၃၉ နှစ်အရွယ် အမေရိကန် Crypto ကျွမ်းကျင်သူ ဗာဂီးလ် ဂရက်ဖစ်ကို အမေရိကန် Sanction ရှောင်ဖို့ မြောက်ကိုရီးယားတွေ Virtual Currency သုံးနိုင်အောင် ကူညီပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရပါတယ်။

၂၀၂၀ ပြည့်နှစ်က အမေရိကန်စစ်တပ်ရဲ့ အစီရင်ခံစာမှာ မြောက်ကိုရီးယားဆိုက်ဘာတိုက်ခိုက်ရေးအစီအစဉ်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ အလယ်ပိုင်းက စတင်လာခဲ့တာ ဖြစ်ပြီး ဘီလာရုစ် ၊ တရုတ် ၊ အိန္ဒိယ ၊ မလေးရှားနဲ့ ရုရှားအပါအဝင် နိုင်ငံအများအပြားမှာ Bureau 121 နာမည်နဲ့ ဟက်ကာ ၆၀၀၀ အထိ ပါတဲ့ ဆိုက်ဘာစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ကြီးထွားလာနေကြောင်း ဖော်ပြထားပါတယ်။ 

Blockchain လေ့လာဆန်းစစ်ရေးကုမ္ပဏီ Chainalysis ရဲ့ အဆိုအရ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားဟက်ကာတွေဟာ Cryptocurrency ပလက်ဖောင်းတွေပေါ် အနည်းဆုံး ဆိုက်ဘာတိုက်ခိုက်မှု ၇ ကြိမ် လုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါး တန် Digital Asset တွေ ခိုးယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

Leave a Comment

Your email address will not be published. Required fields are marked *