ဒေါ်လာ ၂၀၀၀၀ ကျော် ကျသင့်နိုင်ပါတယ်။
ပုံမှန်ထက် ဈေးနှုန်းမြင့်မားပေမယ့် Tesla ရဲ့ ဆိုလာအိမ်အမိုးပြား Solar Roof တွေကို ဝယ်ယူတပ်ဆင်မှု မြင့်လာကြတယ်လို့ ဆိုပါတယ်။
လျှပ်စစ်ကားထုတ်လုပ်မှုနဲ့ နာမည်ကြီးတဲ့ Tesla ဟာ အမေရိကန်ရဲ့ အကြီးဆုံး နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုလုပ်ငန်းကြီးလည်း ဖြစ်ပြီး အိမ်သုံး ဆိုလာခေါင်မိုးပြား Solar Roof တွေပါ ထုတ်လုပ်ထားပါတယ်။ ၂၀၁၆ ခုနှစ်က နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးကုမ္ပဏီ SolarCity ကို ဝယ်လိုက်ပြီးတဲ့နောက် Tesla ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) လို့ ခေါ်ကြတဲ့ နေစွမ်းအင်ထုတ်လုပ် တပ်ဆင်ရေးပိုင်းကို အရှိန်အဟုန်မြင့် ဆောင်ရွက်လာတာပါ။
ဈေးကွက်ထဲက ဆိုလာပြားတပ်ဆင်တဲ့ လုပ်ငန်းတွေထက် Tesla Solar Roof တွေက ဈေးပိုမြောက်ပေမယ့် Tesla က အိမ်အမိုးပြားအဖြစ်ပါ သုံးနိုင်မယ့် Solar Roof ဘက်ပါ အာရုံစိုက်လာတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အိမ်သုံးစွမ်းအင်ကို အလုံအလျောက် ပေးနိုင်မယ့်နည်းပညာနဲ့ ဒီဇိုင်းကို ကူးပြောင်းလာတာလည်း ဖြစ်ပါတယ်။
အဆောက်အဦဒီဇိုင်းမှာ ဆိုလာစွမ်းအင်ထည့်သွင်းမှုကို အဆောက်အဦအတွင်း အလင်းကနေ စွမ်းအင်ပြောင်းလဲမှုစနစ် ထည့်သွင်းခြင်း BIPV လို့ ခေါ်ပါတယ်။ BIPV စနစ်အကောင်အထည်ဖော်မှု အနေနဲ့ Tesal Solar Roof တွေက အစောဆုံး မဟုတ်ပေမယ့် အထင်ရှားဆုံး သာဓကတစ်ခုလို့ ဆိုနိုင်ပါတယ်။ Tesla Solar Roof တွေက ပုံမှန် အိမ်ခေါင်မိုးစတိုင်နဲ့ လာပြီး အလင်းကနေ စွမ်းအင်ပြောင်းနိုင်ဖို့ ၁၇ လက်မအနံ ၊ ၄၅ လက်မအလျားဆိုဒ် စီရှိတဲ့ဆိုလာအမိုးချပ်တွေ သုံးထားပါတယ်။
မကြာသေးခင်ကပဲ Tesla ဟာ ရိုးရိုး သတ္ထု ၊ သစ်သား ၊ အုတ်ကြွပ် နဲ့ တခြားဆောက်လုပ်ရေးသုံးအိမ်အမိုးတွေနေရာကို အစားထိုးမယ့် တစ်လွှာ အမိုးဒီဇိုင်းသစ် Solar Roof တွေ ပုံစံထုတ်ထားပါတယ်။ ပြင်ညီခေါင်မိုးတွေနဲ့ အိမ်တွေမှာတော့ ရိုးရိုးဆိုလာပြားတွေပဲ တင်ထားလို့ ရပြီး Solar Roof တွေက ခေါင်ချိုးအမိုးတွေမှာ အိမ်အမိုးလို သုံးနိုင်မယ်လို့ ဆိုပါတယ်။
အကြမ်းခံမှန် Tempered Glass နဲ့ ထုတ်ထားတာ ဖြစ်လို့ Tesla Solar Roof တွေက ပုံမှန်အမိုးပြားတွေထက် ၃ ဆကျော် ပိုမာကျောပြီး ရေယိုစိမ့်မှု မရှိသလို ရာသီဥတုဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပြီး ပုံမှန်အမိုးတွေထက်လည်း ရေရှည်အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ Solar Roof ပြားတွေဟာ Textured ၊ Smooth ၊ Tuscan နဲ့ Slate ဆိုပြီး ပုံစံလေးမျိုးနဲ့ လာပြီး အသစ်ထွက်လာတဲ့ ဆိုလာချပ်တစ်ခုက အများဆုံး ၇၁.၆၇ ဝပ်အထိ ထပ်ပေးနိုင်တယ်လို့ Electrek က ဆိုပါတယ်။
စွမ်းအင်လိုအပ်ချက်တွေပေါ်လိုက်ပြီး Solar Roof တွေကို တပ်ဆင်လို့ရသလို ဆိုလာအမိုးချပ်ချို့ယွင်းမှုအတွက် ၂၅ နှစ် Warranty ပေးထားပါတယ်။ ထုတ်လုပ်မှုအာမခံအနေန့ Solar Roof တွေဟာ ၅ နှစ်ကြာပြီးချိန်မှာ သတ်မှတ်ပါဝါရဲ့ ၉၅% နဲ့ ၂၅ နှစ်ကြာပြီးချိန်မှာ ၈၅% အထိ ထုတ်ပေးနိုင်မယ်လို့လည်း ပြောထားပါတယ်။
Tesla ဟာ ကိုယ်ပိုင် Powerwall ဘက်ထရီတွေနဲ့ လာပြီး စွမ်းအင်အနေနဲ့ 13.5kWh အထိ ထိန်းထားနိုင်လို့ အိမ်သုံးစွမ်းအင်အတွက် စိတ်ကြိုက်အသုံးပြုနိုင်မှာပါ။ Powerwall ဘက်ထရီတွေက ၆ လက်မထု ၊ ၂ ပေခွဲအကျယ် နဲ့ ၄ ပေနီးပါး အမြင့်ရှိပြီး အိမ်အပြင်မှာ တပ်ဆင်နိုင်သလို Indoor လည်း ဆင်နိုင်ပါတယ်။ ဆိုလာစွမ်းအင်ပြောင်းဖို့သုံးတဲ့ Tesla Solar Inverter ဟာ စွမ်းအင်ထိရောက်မှု ၉၇.၅% ရှိထားသလို Inverter နဲ့ ဘက်ထရီကို ပေါင်းထားတဲ့ Powerwall Plus လည်း ထွက်ထားပြီး Powerwall Plus က ပါဝါထုတ်လုပ်မှု ပိုရှိတယ်လို့ ဆိုပါတယ်။
Powerwall နဲ့ Powerwall Plus နှစ်မျိုးစလုံးက စွမ်းအင်ထွက်မှု Capacity တူပေမယ့် Powerwall က 5.9kW နှုန်း ဆက်တိုက်ဖြစ်ဖြစ် အမြင့်ဆုံး 10kW ဖြစ်ဖြစ် ရောက်သွားရင် စွမ်းအင်ကို Discharge လုပ်ပြီး ဖြတ်ပါတယ်။ Powerwall Plus ကတော့ ဆက်တိုက် 9.6kW အထိ ဖြစ်လာရင် ဒါမှမဟုတ် 22kW အထိ တက်သွားရင် ဖြတ်ပါတယ်။ Tesla app ကနေလည်း ကိုယ့် Solar Roof ရဲ့ စွမ်းအင်ထုတ်မှုကို တိုက်ရိုက် Real Time ကြည့်နိုင်သလို အဝေးကနေလည်း ထိန်းချုပ်နိုင်အောင် Remote Access ပေးထားပါတယ်။
ဆိုလာပြားတပ်ဆင်မှုအရဆို Solar Roof တွေက အတော်လေး ဈေးမြောက်ပါတယ်။ အော်ရီဂွန်ပြည်နယ်က အိမ်တစ်လုံးအတွက် ၅.၄၉ ကီလိုဝပ်ဆိုလာအတွက် ဒေါ်လာ ၂၀၂၀၀ ကနေ ၂၃၄၀၀ အတွင်း ကုန်ကျနိုင်တယ်လို့ ကုမ္ပဏီရဲ့ အွန်လိုင်းခန့်မှန်းတွက်ချက်မှုက ဖော်ပြထားပါတယ်။ Solar Roof အတွက် ဒေါ်လာ ၈၁၀၀ ကနေ ၁၁၃၀၀ ၊ အမိုးအတွက် Solar ပြားအစိတ်အပိုင်းတွေအတွက် ဒေါ်လာ ၉၉၀၀ နဲ့ အမိုးဟောင်းကို ဖျက်ပြီး ပြန်တည်ဆောက်ခအတွက် ဒေါ်လာ ၂၂၀၀ နှုန်းနဲ့ စုစုပေါင်း ဒေါ်လာ ၂၀၂၀၀ ကနေ ၂၃၄၀၀ အတွင်း ကျသင့်ဖို့ ရှိပါတယ်။
နောက်ပိုင်း ဆိုလာတပ်ဆင်ခတွေ ဈေးကျလာပြီး လူတိုင်းလက်လှမ်းမှီနိုင်တဲ့ ဈေးနဲ့ တပ်ဆင်လာနိုင်ရင်တော့ Solar Roof တွေဟာ လူလတ်တန်းစားတွေ မျက်စိကျလာတဲ့ အိမ်သုံးစွမ်းအင်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။