eSIM နည်းပညာရဲ့ နောက်တစ်ဆင့် တိုးတက်မှုပါပဲ
စမတ်ဖုန်း SIM စံစနစ်သစ်အတွက် ထိပ်တန်းနည်းပညာနဲ့ တယ်လီကွန်းကုမ္ပဏီကြီး ၃ ခုတို့ ပူးပေါင်းပြီး သရုပ်ပြစမ်းသပ်မှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
တယ်လီကွန်းကုမ္ပဏီ Vodafone ၊ ချပ်စ်ထုတ်လုပ်တဲ့ Qualcomm နဲ့ ပြင်သစ်အခြေစိုက် နိုင်ငံစုံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Thales တို့ ပေါင်းပြီး iSIM (Integrated SIM) စနစ်သစ် သရုပ်ပြခဲ့တာလို့ GSMArena သတင်းက ဖော်ပြပါတယ်။ iSIM နည်းပညာကို Vodafone ကွန်ရက်ပေါ်မှာ Samsung Galaxy Z Flip 3 နဲ့ သက်သေပြ စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
iSIM စံသစ်ကို စမတ်ဖုန်းရဲ့ ပင်မ Chipset ထဲက SIM နည်းပညာနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး eSIM ပေါ် တည်ဆောက်မှု လုပ်တာလို့ ဆိုပါတယ်။ eSIM စနစ်မှာ ဒေတာအပို့အယူ လုပ်ဆောင်ချက်တွေအတွက် သီးသန့် Chip တစ်ခု လိုအပ်ပြီး iSIM နည်းပညာကတော့ SIM Services တွေအတွက် နေရာသက်သက် ထည့်ပေးစရာ မလိုတော့ပါဘူး။ iSIM နည်းပညာဟာ နောက်ဆုံးပေါ် eSIM နည်းပညာရဲ့ ဆင့်ကဲတိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
iSIM မှာလည်း eSIM နည်းပညာလိုပဲ physical SIM Card မလိုအပ်ဘဲ နိုင်ငံရပ်ခြား မကြာခဏခရီးသွားသူတွေအတွက် Roaming သီးသန့် eSIM ထည့်နိုင်တာကြောင့် ရောက်ရာနိုင်ငံက SIM Card ဝယ်သုံးစရာ မလိုတဲ့ အကျိုးကျေးဇူးသုံးနိုင်မယ်လို့ ဆိုပါတယ်။ iSIM နည်းပညာဟာ main Processor ထဲက SIM လုပ်ဆောင်ချက်ထဲ တစ်ခါတည်း ထည့်သွင်းနိုင်တာကြောင့် စနစ်ပေါင်းစည်းမှု ပိုကောင်းလာသလို စွမ်းဆောင်ရည် မြင့်မားပြီး memory capacity လည်း တိုးလာစေမှာပါ။
စံနည်းပညာသစ်ကြောင့် ဝတ်ဆင်နိုင်တဲ့ Wearables ထုတ်ကုန်များ ၊ လက်ပ်တော့ ၊ တက်ဘလက် ၊ VR နဲ့ IoT ထုတ်ကုန်များမှာ Space မစားဘဲ ဒေတာချိတ်ဆက်မှု ပိုကောင်းစေမယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ iSIM ထုတ်ကုန်တွေ ဘယ်တော့ ဈေးကွက်ထဲ ဝင်ရောက်လာမလဲ မသိရသေးပါဘူး။