ထုတ်လုပ်ရေးစရိတ်တွေနဲ့ နည်းပညာသစ်တွေကြောင့် ဈေးပိုမြောက်ဖို့ရှိပါတယ်
၂၀၂၂ ထွက် iPhone တွေထဲက Pro မော်ဒယ်တွေဟာ အရင် iPhone 13 Pro/Pro Max တွေထက် ဒေါ်လာ ၁၀၀ အထိ ဈေးတက်ဖို့ ရှိနေပါတယ်။
နာမည်ကြီး iPhone သတင်းပေးတစ်ဦးဖြစ်တဲ့ LeaksApplePro ရဲ့ အဆိုအရ iPhone 14 မှာ ၇၉၉ ဒေါ်လာဈေးအတိုင်းပဲ ထွက်လာပြီး iPhone 14 Pro ဟာ ၂၀၂၁ ထွက် iPhone 13 Pro Max ဈေးဖြစ်တဲ့ ၁၀၉၉ ဒေါ်လာဈေးနဲ့ လာမယ်လို့ ဖော်ပြထားပါတယ်။ အမြင့်ဆုံးမော်ဒယ် iPhone 14 Pro Max ဟာ ပြီးခဲ့တဲ့နှစ် Galaxy S21 Ultra ရဲ့ ဈေးဖြစ်တဲ့ ၁၁၉၉ ဒေါ်လာဈေးနဲ့ စတင်ရောင်းချသွားဖို့ ရှိတယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။
iPhone 14 စီးရီးရဲ့ Pro နဲ့ Pro Max မော်ဒယ်တွေမှာ ဒေါ်လာ ၁၀၀ စီ ဈေးတင်ထားတဲ့ အကြောင်းက Pro တွေမှာ အသစ်စက်စက်ဒီဇိုင်းနဲ့ တခြား Upgrades မြှင့်ထားတာတွေပါ သုံးလာတာကြောင့် ဖြစ်ဖို့ ရှိပါတယ်။ ထုတ်လုပ်ရေးကုန်ကျစရိတ် မြင့်တက်လာခြင်းကြောင့်လည်း အခုလို ဈေးတက်လာတာလို့ ယူဆရပါတယ်။ iPhone 14 နဲ့ 14 Pro အကြား ဒေါ်လာ ၃၀၀ ဈေးကွာတဲ့အချက်နဲ့ iPhone 13 နဲ့ iPhone 13 Pro အကြား ဒေါ်လာ ၂၀၀ ဈေးကွာဟတာကို ချိန်ပြီး စဉ်းစားနိုင်ပါတယ်။
လောလောဆယ် ကြားထားရတဲ့ သတင်းတွေအရ ဒီနှစ်ထဲမှာ Mini မော်ဒယ် မထွက်တော့ဘဲ ၆.၁ လက်မဆိုဒ် မော်ဒယ်နှစ်မျိုးနဲ့ ၆.၇ လက်မ Max ဗားရှင်းဆိုပြီး မော်ဒယ် ၄ မျိုး ကြေညာသွားမယ်လို့ ဆိုပါတယ်။ ၆.၁ လက်မ iPhone 14 နဲ့ iPhone 14 Pro တို့ဟာ ၇၉၉ ဒေါ်လာ နဲ့ ၁၀၉၉ ဒေါ်လာဈေးတွေနဲ့ ရောင်းချသွားမှာပါ။ ၆.၇ လက်မ iPhone 14 Max နဲ့ iPhone 14 Pro Max တို့ကိုတော့ ၈၉၉ ဒေါ်လာနဲ့ ၁၁၉၉ ဒေါ်လာဈေးတွေ သတ်မှတ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ iPhone 13 mini ၊ iPhone 13 ၊ iPhone 13 Pro နဲ့ iPhone 13 Pro Max တို့ကို ၆၉၉ ဒေါ်လာ ၊ ၇၉၉ ဒေါ်လာ ၊ ၉၉၉ ဒေါ်လာ နဲ့ ၁၀၉၉ ဒေါ်လာဈေးတွေနဲ့ စတင်ရောင်းချခဲ့ပါတယ်။ ဒါက 128GB Storage ဗားရှင်းကို ပြောတာပါ။ iPhone 14 သစ်တွေထဲမှာ ရုပ်ဆိုးတဲ့ Notch အစား ဆေးတောင့်ပုံ Punch-Hole ကင်မရာ Cutout သုံးလာတဲ့ မော်ဒယ်တွေ မြင်တွေ့ရဖို့ ရှိပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ iPhone 14 တွေမှာ Touch ID ပါလာမယ်လို့လည်း ပြောနေကြပါတယ်။ iPhone 14 Pro မော်ဒယ်တွေမှာ Face ID လို components တွေကို မှန်ပြင်အောက်မှာ ဝှက်ထည့်လာဖို့ ရှိပါတယ်။ လောလောဆယ် ပြောနေကြတဲ့ အပေါက်မပါတဲ့ portless ဒီဇိုင်းမျိုးကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ iPhone သစ်တွေ မိတ်ဆက်ဖို့ရက်ကလည်း အတော်ကြီး လိုသေးတာကြောင့် အခုချိန်ကြားရတဲ့ သတင်းတိုင်းကိုတော့ အတည်ယူလို့ မရသေးပါဘူး။