5G ကြောင့် ဂယက်ရိုက်နိုင်တဲ့ကိစ္စ အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး

“ကျွန်တော်တို့ သိထားတာထက် ပိုကြီးတဲ့ ပြဿနာတွေ ဖြစ်လာတယ်။”

5G ဝန်ဆောင်မှုတွေကြောင့် လေကြောင်းသွားလာမှုထိခိုက်နိုင်တဲ့ အကြပ်အတည်းတွေ ဆိုက်ရောက်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုမှ လေကြောင်းလိုင်းအရာရှိတွေက သတိပေးလိုက်ပါတယ်။ 

အမေရိကန်တယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ AT&T နဲ့ Verizon တို့ဟာ ဗုဒ္ဓဟူးနေ့ကစပြီး C-Band 5G ကို စတင်ဖြန့်ကြက်ဖို့ ပြင်နေချိန်မှာ လေကြောင်းလိုင်း အမှုဆောင်အရာရှိတွေက လေယာဉ်ပြေးလမ်းနဲ့ နီးကပ်လွန်းတဲ့ 5G လှိုင်းတွေကြောင့် လေကြောင်းသွားလာမှုကို ထိခိုက်နိုင်မှာ စိုးရိမ်နေကြတာပါ။ C-Band လှိုင်းနှုန်းစဉ်ဟာ လေယာဉ်တွေမှာ မြင်ကွင်းကြည့်နိုင်စွမ်းအားနည်းချိန် Low-Visibility လုပ်ဆောင်ချက်အတွက် သုံးတဲ့ ကိရိယာတွေကို ကြားဖြတ်နှောက်ယှက်နိုင်လို့ ဖြစ်ပါတယ်။

5G ဝန်ဆောင်မှုသစ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတွေ ကမောက်ကမဖြစ်စေနိုင်သလို အမေရိကန်နိုင်ငံခြားခရီးစဉ်တွေလည်း ရပ်သွားစေနိုင်တယ်လို့ Airlines for America က စုစည်းထားတဲ့ လေကြောင်းလိုင်းအမှုဆောင်များရဲ့ ပေးစာတစ်ခုမှာ ဖော်ပြထားပါတယ်။ 

“လေကြောင်းထိန်းချုပ်ရေးတွေက ပျံသန်းဖို့ ရှင်းလင်းမနေရင် ခရီးသွားလာရေးနဲ့ အများပြည်သူ ပို့ဆောင်ရေးတွေ ထိုးရပ်ကုန်မှာပါ။ ဆိုလိုတာက မနေ့ကလိုမျိုးမှာဆို လေကြောင်း ခရီးစဉ် ၁၁၀၀ ကျော်နဲ့ ခရီးသည် ၁ သိန်းကျော်လောက် ခရီးစဉ်ဖျက်ရတာ ၊ လမ်းကြောင်း ပြောင်းရတာ ၊ နောက်ဆုတ်ရတာတွေ ရှိတယ်။ ခေတ်သစ် လေကြောင်းဘေးကင်းရေးစနစ်တွေက ပျံသန်းရေးတွေမှာ သုံးလို့မရဖြစ်ကုန်တယ်။ ကျွန်တော်တို့ သိထားတာထက် ပိုကြီးတဲ့ ပြဿနာတွေ ဖြစ်လာတယ်။”လို့ လေကြောင်းလိုင်းအမှုဆောင်တွေရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ 

စာကို အိမ်ဖြူတော်အမျိုးသားစီးပွားရေးဆိုင်ရာ ကောင်စီဒါရိုက်တာ ဘရိုင်ယန် ဒီးဆီ ၊ သယ်ယူပို့ဆောင်ရေးအတွင်းဝန် ပီတီ ဘတ်တီးဂစ် ၊ လေကြောင်းပျံသန်းမှုအုပ်ချုပ်ရေးအဖွဲ့ FAA မှ စတိဗ် ဒစ်ခ်ဆင် နဲ့ FCC ဥက္ကဌ ဂျက်ဆီကာ ရွန်ဆန်တွေစဲလ်တို့ကို FedEx ၊ American Airlines ၊ Delta ၊ United ၊ Southwest ၊ UPS ၊ Alaska Air ၊ Atlas Air နဲ့ Jetblue Aireways မှ အမှုဆောင်များ လက်မှတ်ရေးထိုးပြီး ပေးပို့ထားပါတယ်။ 

လေကြောင်းလိုင်းတွေဘက်က 5G ကွန်ရက်ဖြန့်ကြက်မှုကို လေဆိပ်ပြေးလမ်းများနဲ့ ခန့်မှန်းခြေ ၂ မိုင်အတွင်း လုပ်ငန်းဖော်ဆောင်မှု မလုပ်ရန် တောင်းဆိုထားပါတယ်။ တနင်္ဂနွေနေ့က FAA ရဲ့ ပြောကြားချက်မှာ အမေရိကန်လုပ်ငန်းသုံး လေယာဉ်တွေထဲက ၄၅% ခန့်ဟာ 5G C-Band လွှင့်ထားတဲ့ လေဆိပ်အများအပြားမှာ Low-Visibility ဆင်းသက်မှု လုပ်နိုင်တယ်လို့ ဆိုပြီး လေကြောင်းလိုင်းတွေကတော့ ဒီထဲမှာ ကြီးမားတဲ့လေဆိပ်အများအပြား ပါဝင်ခြင်း မရှိဘူးလို့ ပြောထားပါတယ်။ 

Leave a Comment

Your email address will not be published. Required fields are marked *