မြောက်ကိုရီးယားဘက်ကတော့ ဆိုက်ဘာတိုက်ခိုက်မှုလုပ်တယ်ဆိုတဲ့အပေါ် ငြင်းဆန်ထားပါတယ်
ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ Cryptocurrency ဘက်ကို ဦးတည်လာနေကြပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားဟက်ကာတွေဟာ Cryptocurrency ပလက်ဖောင်းတွေပေါ် အနည်းဆုံး ၇ ကြိမ် တိုက်ခိူက်မှုလုပ်ခဲ့ပြီး ဒေါ်လာသန်း ၄၀၀ နီးပါးတန် Digital Asset တွေ ခိုးယူခဲ့တယ်လို့ ဖော်ပြကြပါတယ်။ Blockchain လေ့လာသုံးသပ်ရေးကုမ္ပဏီ Chainalysis ရဲ့ အစီရင်ခံစာသစ်အရ အရှေ့အာရှနိုင်ငံတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေဟာ Cryptocurrency အိတ်ချိန်းတွေနဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေကနေ ဒေါ်လာသန်း ၄၀၀ နီးပါး ခိုးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ပြီး ငွေရှာနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အစဉ်တစိုက်ငြင်းဆန်နေခဲ့ပါတယ်။
“၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း မြောက်ကိုရီးယားနဲ့ ဆက်စပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ၄ ခုကနေ ၇ ခုအထိ မြင့်တက်လာပါတယ်။ ဒီတိုက်ခိုက်မှုတွေကနေ ရယူသွားတဲ့ တန်ဖိုးကလည်း ၄၀% အထိ တက်လာခဲ့ပါတယ်။”လို့ Chainalysis သတင်းမှာ ဖော်ပြထားပါတယ်။
ဟက်ကာတွေဟာ Crypto Exchange အဖွဲ့အစည်းတွေရဲ့ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ Hot Wallet တွေထဲက ရံပုံငွေတွေကို ယူဖို့ Phishing တိုက်ခိုက်တဲ့နည်းများ ၊ ကုဒ်ချိုးဖောက်တဲ့နည်းများနဲ့ Malware များ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုနည်းလမ်းပေါင်းစုံ သုံးပြီး ခိုးယူခဲ့တာလို့ ဆိုပါတယ်။ ခိုးထားတဲ့ Cryptocurrency တွေကို မြောက်ကိုရီးယားက ထိန်းချုပ်ထားတဲ့ လိပ်စာတွေထဲ ရွှေ့ပြောင်းခဲ့တယ်လို့လည်း Chainalysis က ဖော်ပြပါတယ်။
Hot Wallet တွေဟာ အင်တာနက်နဲ့ Cryptocurrency ကွန်ရက်တွေနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ Hacking လုပ်ပြီး ဝင်ရောက်ခိုးယူနိုင်ခြေ မြင့်များပါတယ်။ ဒါကြောင့်ပဲ အခုနောက်ပိုင်းမှာ Cryptocurrency တွေကို အင်တာနက်နဲ့ ချိတ်ဆက်မထားတဲ့ Cold Wallets တွေထဲ ပြောင်းဖို့ ကျွမ်းကျင်သူတွေက အကြံပြုလာကြတာ ဖြစ်ပါတယ်။ Chainalysis ကတော့ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာတိုက်ခိုက်မှုအများအပြားကို Lazarus Group လို့ခေါ်တဲ့ Hacking Group တစ်ခုက လုပ်ဆောင်ကြောင်း ယူဆထားပါတယ်။
Lazarus Group ကို မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဗျူရိုအဖွဲ့ Reconnaissance General Bureau က ထိန်းချုပ်ထားဖွယ်ရှိတယ်လို့လည်း ယုံကြည်နေကြပါတယ်။ ဒီအဖွဲ့ဟာ နိုင်ငံတကာဘဏ်တွေနဲ့ ဖောက်သည်အကောင့်တွေကို တိုက်ခိုက်ခဲ့တဲ့ WannaCry Ransomware တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သလို ၂၀၁၄ မှာ Sony Pictures ကိုလည်း ဆိုက်ဘာဆိုက်ခိုက်မှုလုပ်ခဲ့တဲ့ အဖွဲ့လို့ စွပ်စွဲခံထားရပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ အမေရိကန်အစိုးရဟာ မြောက်ကိုရီးယား ပရိုဂရမ်မာ ၃ ဦးကို ဒေါ်လာ ၁.၃ ဘီလျံကျော်တန် ငွေနဲ့ Cryptocurrency များ ခိုးယူမှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။