တရုတ်လူမှုကွန်ရက်တွေပေါ်မှာ မတ်စ်ကို အပြင်းအထန် ဝေဖန်နေကြပါ
တရုတ်အာကာသစခန်းဟာ Starlink အင်တာနက်ဝန်ဆောင်မှုပရောဂျက်က လွှင့်တင်တဲ့ ဂြိုလ်တုတွေနဲ့ ဒီနှစ်ထဲ ၂ ကြိမ်တိုင် နီးကပ်တဲ့ ထိပ်တိုက်တိုးမှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
Starlink ဂြိုလ်တုတွေနဲ့ မတိုက်မိအောင် အာကာသယာဉ်စခန်းအနေနဲ့ ရှောင်လွှဲခဲ့ရမှုအပေါ် တရုတ်ဘက်က ကုလသမဂ္ဂအာကာသအေဂျင်စီကို တိုင်ကြားထားတဘ်လို့ ဘေဂျင်းက အတည်ပြုပါတယ်။ ဒီနှစ်ထဲမှာ တရုတ်ရဲ့ အာကာသစခန်းဟာ Starlink ဂြိုလ်တုတွေနဲ့ ဇူလိုင် ၁ ရက်နေ့ တစ်ကြိမ် ၊ အောက်တိုဘာ ၂၁ ရက်နေ့တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် နီးကပ်တဲ့ ထိပ်တိုက်တိုးမှုနဲ့ ကြုံခဲ့ရတယ်လို့ UN ရဲ့ အာကာသပြင်ပရေးရာရုံးကို တိုင်ကြားတဲ့ တရုတ်ရဲ့ တိုင်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ဘေးကင်းလုံခြုံရေးအတွက် တရုတ်အာကာသယာဉ်စခန်းဟာ ဝင်တိုက်မှု မဖြစ်အောင် ကြိုတင်ရှောင်ရှားရတဲ့ ထိန်းချုပ်မှုသုံးခဲ့ရတယ်”လို့ အေဂျင်စီရဲ့ ဝက်ဘ်ဆိုက်ပေါ် တင်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လူမှုကွန်ရက်ပေါ် ဒီအကြောင်းအရာ ပျံ့နှံ့လာပြီးနောက် တရုတ်လူမှုကွန်ရက်ပလက်ဖောင်း Weibo ပေါ်မှာ အီလွန်မတ်စ် ၊ Starlink နဲ့ အမေရိကန်ကို အများက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ တစ်ယောက်ကဆို Startlink ဂြိုလ်တုတွေဟာ အာကာသအမှိုက်ပုံကြီးအဖြစ် ပြောထားသလို ၊ ဂြိုလ်တုတွေဟာ အမေရိကန်ရဲ့ အာကာသစစ်ရေးလက်နက်တွေ ဖြစ်ပြီး မတ်စ်ဟာ အမေရိကန်အစိုးရနဲ့ စစ်တပ်က ဖန်တီးထားတဲ့ လက်နက်သစ်လို့ပါ ဝေဖန်နေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းကလည်း အမေရိကန်အနေနဲ့ တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့ တရုတ်ဘက်က တိုက်တွန်းကြောင်း ပြောဆိုခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ အာကာသအတွင်း ဂြိုလ်တုနဲ့ အာကာသစခန်း ဝင်တိုက်မှုဖြစ်နိုင်တဲ့အပေါ် သိပ္ပံပညာရှင်တွေဘက်ကလည်း စိုးရိမ်ကြောင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာပတ်လမ်းက အာကာသအပျက်အစီးတွေနဲ့ ဂြိုလ်တုပေါင်း ၃၀၀၀၀ ခန့်ရဲ့ အချက်အလက်တွေ မျှဝေဖို့ပါ တောင်းဆိုထားပါတယ်။
Starlink ဂြိုလ်တုအာကာသဝန်ဆောင်မှုတွေ လုပ်နေတဲ့ SpaceX ဘက်ကတော့ တရုတ်ရဲ့ တိုင်ကြားချက်အပေါ် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပါဘူး။ SpaceX ဟာ Starlink ရဲ့ အာကာသကွန်ရက်ထဲ ဂြိုလ်တုပေါင်း ၁၉၀၀ နီးပါး လွှင့်တင်ထားပြီး နောက်ထပ်လည်း ထောင်နဲ့ချီတဲ့ ဂြိုလ်တုတွေ ထပ်လွှင့်တင်ဖို့ စီစဉ်ထားပါတယ်။