ကူးစက်မှု အမြန်ဆုံး ဗိုင်းရပ်စ်ပိုးသစ်တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးသစ် အိုမစ်ခရွန်ဟာ ယခင်ကိုဗစ်ဖြစ်ပြီးသားသူတွေကိုလည်း ပြန်ကူးစက်နိုင်တယ်လို့ သိရပါတယ်။
အိုမစ်ခရွန်ဗိုင်းရပ်စ်သစ်ဟာ ယခင်တွေ့ရှိထားခဲ့ ဗိုင်းရပ်စ်ပိုးတွေထက် ကူးစက်မှုအမြန်ဆုံးဖြစ်ပြီး တစ်ပတ်အတွင်းမှာတောင် နိုင်ငံပေါင်း (၂၀)ကျော်ထိ ကူးစက်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။
“ ကူးစက်မှုကတော့ အရမ်းမြန်တယ်။ တစ်နေ့ချင်းတောင် ပိုးတွေ့ရှိတဲ့ နိုင်ငံတွေတိုးလာနေတာ အခုဆို (၂၀)ကျော်တောင်ရှိပြီ။ အခုတွေ့ရှိတဲ့ပိုးကို လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်တားဆီးနိုင်မလားဆိုတော့ ပညာရှင်တွေကလေ့လာနေတယ်။ တစ်ပတ်နှစ်ပတ်အတွင်းမှာ အဖြေသိရမယ်ပေါ့။ ကာကွယ်ဆေးထိုးထားတဲ့သူတွေအနေနဲ့ ကူးစက်နိုင်ချေရှိနိုင်လားဆိုတာကိုတော့ လေ့လာမှုတွေလုပ်နေသေးပေမယ့်လည်း ဒီဗိုင်းရပ်စ်ပိုးက ယခင်ကိုဗစ်ဖြစ်ပြီးသားသူတွေကိုတောင် ပြန်ကူးနိုင်တယ်လို့ လေ့လာတွေ့ရှိထားတယ်။ သေချာတာကတော့ ကာကွယ်ဆေးထိုးထားတဲ့သူတွေအတွက် လေ့လာဆဲဖြစ်နေသော်လည်း ရောဂါဖြစ်ပြီးသားသူတွေကတော့ ပြန်ပြီးကူးစက်နိုင်တယ်”လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။
လက်ရှိတွေ့ရှိချက်အရ အိုမီခရွန်ဗိုင်းရပ်ပိုးတွေ့ရှိသူတွေဟာ လူငယ်၊လူလတ်ပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။ ကာကွယ်ဆေးက အများဆုံးအားဖြင့် အသက်ကြီးပိုင်းတွေသာ ထိုးနှံကြတာဖြစ်လို့ ကာကွယ်ဆေးမထိုးရသေးတဲ့ လူငယ်လူလတ်ပိုင်းတွေမှာသာတွေ့ရှိတာကိုလည်း လေ့လာချက်တွေအရ သိရတာကြောင့် ကာကွယ်ဆေးကိုတော့ မဖြစ်မနေ (၂)ကြိမ်ထိုးနှံထားတာအကောင်းဆုံးဖြစ်တယ်လို့လည်း ဒေါက်တာမိုးအောင်ကျော်နိုင်ကပြောပါတယ်။
“ အိုမီခရွန်ဗိုင်ရပ်စ်ပိုး စတွေ့တဲ့ တောင်အာဖရိကမှာဆိုရင် လူငယ်၊ လူလတ်ပိုင်းတွေမှာ ပိုဖြစ်တာကိုတွေ့ရတယ်။ သုံးသပ်ရင်တော့ ကာကွယ်ဆေးနဲ့ပတ်သက်နိုင်တယ်။ ကာကွယ်ဆေးက အသက်ကြီးတဲ့သူတွေကတစ်ဆင့်ဆင့်ထိုးလာကြတာဆိုတော့ အခုအိုမီခရွန်ဗိုင်းရပ်စ်အသစ်က ကာကွယ်ဆေးလုံးဝမထိုးရသေးတဲ့သူတွေမှာပိုဖြစ်တယ်။ တစ်ကြိမ်ထဲထိုးထားရသေးတဲ့သူတွေလည်းဖြစ်တယ်။ လူငယ်တွေက ကာကွယ်ဆေးကို အသက်ကြီးပိုင်းတွေထက်နောက်ကျမှထိုးရတော့ အကုန်မထိုးရသေးတဲ့အနေအထားမှာ ဗိုင်းရပ်စ်ပိုးသစ်က လူငယ်တွေကို ကူးစက်မှုများတာလည်းဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကာကွယ်ဆေးကိုတော့ (၂)ကြိမ်ပြည့်အောင်ထိုးဖို့တော့ အကြံပြုချင်တယ်”လို့ ဆိုပါတယ်။
အိုမီခရွန်ဗိုင်းရပ်ပိုးသစ်ဟာ ယခင်မျိုးကွဲဗီဇတွေလိုပဲ လက္ခဏာတွေဆင်တူပြီး ကာကွယ်နည်းနဲ့ ပိုးစစ်ဆေးမှုတွေကလည်း အတူတူပါပဲ။
ပုံမှန်တုပ်ကွေးလက္ခဏာတွေလိုပဲ ညနေဘက်မှာချွေးထွက်ဖျားပြီး ချောင်းခြောက်ဆိုးခြင်းစတဲ့ လက္ခဏာတွေတွေ့ရှိရပါတယ်။
လက်ရှိမှာ နိုင်ငံပေါင်း (၂၀)ကျော်ထိကူးစက်ထားပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံအဖြစ် စင်ကာပူမှာလည်းတွေ့ရှိထားပြီးဖြစ်ပါတယ်။
လက်ရှိနိုင်ငံအတွင်းမှာ ကိုဗစ်တတိယလှိုင်းအဖြစ် ကိုဗစ်လူနာတွေကို နေ့စဉ် ရာဂဏန်းအနည်းငယ်တွေ့ရှိနေဆဲကနေ တစ်ပတ်အတွင်း လူနာတွေ့ရှိမှုတွေ များလာရင်တော့ နိုင်ငံတွင်း အိုမီခရွန်ဗိုင်းရပ်စ်ပိုးသစ်ကူးစက်လာပြီလို့သုံးသပ်နိုင်တယ်လို့ ဆိုပါတယ်။
အဓိက နိုင်ငံတွင်းကူးစက်မှုဖြစ်လာနိုင်တာကလည်း ပြည်ပကနေပြန်လည်ဝင်ရောက်လာနိုင်တဲ့သူတွေဆီကနေပဲကူးစက်လာနိုင်တာဖြစ်လို့ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လာတဲ့သူတွေကို သေချာစစ်ဆေးပြီး ကွာရန်တင်းထားရှိတာမျိုးတွေကို စနစ်တကျလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ နိုင်ငံတွင်းကူးစက်မှုကို ထိန်းချုပ်နိုင်မှာပါလို့ ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားခဲ့ပါတယ်။