Facebook အကောင့်ဖျက်တော့မယ်ဆို ဒီ ၃ ချက် အရင်လုပ်ပါ

Facebook အကောင့် ဖျက်ဖို့ စဉ်းစားနေရင် ဒီအချက်တွေ အရင်လုပ်ဖို့ မမေ့ပါနဲ့။

ဒီဘက်ခေတ်မှာ Facebook လူမှုကွန်ရက်ဟာ နေ့စဉ်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာတယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ခပ်စိပ်စိပ်ကြားလာရတဲ့ Facebook ပေါ်က သတင်းမှားတွေ ၊ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ စိုးရိမ်မှုတွေနဲ့ အမုန်းစကားတွေကြောင့် Facebook ဆက်မသုံးချင်တဲ့သူတွေလည်း ရှိလာနေပါတယ်။

ဒါကြောင့် ကိုယ်သုံးနေတဲ့ Facebook အကောင့်ဖျက်ပြီး ဘိုင့်ဘိုင်လုပ်တော့မယ်ဆိုရင် အရင်ဆုံးဒီအချက် ၃ ချက်ကို လုပ်ဖို့ ပြောချင်ပါတယ်။

(၁) Facebook Friends တွေရဲ့ Contacts ယူထားပါ

Facebook အကောင့် Delete လိုက်တယ်ဆိုပေမယ့် အပြင်မှာရော ဆိုရှယ်မီဒီယာမှာပါ ကိုယ်နဲ့ သိကျွမ်းခင်မင်သူတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ သူတို့ရဲ့ ဖုန်းနံပါတ် ၊ အီးမေးလ်စတဲ့ Contacts လေးတွေ ယူထားသင့်ပါတယ်။ Facebook မသုံးတော့ရင်တောင် သူတို့နဲ့ ဆက်သွယ်လို့ ရနိုင်ဖို့ပါ။

(၂) ကိုယ့်အကောင့်နဲ့ ဘယ် Apps တွေထဲ ဝင်ထားသလဲ စစ်ပါ

အခုနောက်ပိုင်း လူမှုကွန်ရက်သုံးသူ အတော်များများဟာ Apps ၊ ဝက်ဘ်ဆိုက်နဲ့ Game သစ် တစ်ခုခု သုံးဖို့အတွက် အကောင့်ဖွင့်ရမယ်ဆိုရင် ကိုယ်‌ရေးအချက်အလက်တွေ ဖြည့်ရမှာ ပျင်းတာကြောင့်ပဲ Facebook အကောင့်နဲ့ ချိတ်ပြီး ဝင်လေ့ရှိပါတယ်။ Log In With Facebook ခလုတ်သုံးရတာ လွယ်ပေမယ့် အကောင့် Delete လုပ်မယ်ဆိုရင် ကိုယ့်အကောင့်နဲ့ ဘယ် Apps တွေ ဝင်ထားလဲ ပြန်ကြည့်သင့်ပါတယ်။

Facebook အကောင့်နဲ့ ချိတ်ထားတဲ့ Apps တွေ သိချင်ရင် Settings ထဲကနေ Apps and Websites ကို သွားပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ 

(၃) ကိုယ့်ရဲ့ Facebook Data တွေ ဒေါင်းလုပ်ဆွဲထားပါ

နောက်ဆုံးအချက်အနေနဲ့ လုပ်ရမှာက ကိုယ့် Facebook အကောင့်ထဲက ကိုယ့်ရဲ့အချက်အလက်တွေ အကုန် ပြန်ယူဖို့ ဖြစ်ပါတယ်။ အဲ့ဒီအချက်အလက်တွေထဲမှာ Facebook စသုံးချိန်ကတည်းကနေ ဒီနေ့အထိ ကိုယ်ပို့ခဲ့တဲ့မက်ဆေ့တွေ ၊ ပို့စ်တွေ ၊ ပုံတွေကနေ ကိုယ် Follow လုပ်ခဲ့တဲ့ Pages တွေအကုန် ပါဝင်ပါတယ်။ 

ကိုယ့်ရဲ့ Facebook Data တွေ ဒေါင်းလုပ်ဆွဲမယ်ဆိုရင် 

– Settings ထဲကို သွားပါ။

– Settings and Privacy ကို ရွေးပါ

– Settings ကို ကလစ်နှိပ်ပြီး Your Facebook Information ကို ဖွင့်ပါ။

– Download Your Information ကို နှိပ်ဖို့ View ကို ရွေးပြီး တစ်လျှောက်လုံး ဝင်ခဲ့တဲ့ အချက်အလက်တွေ ပြန်ယူနိုင်ပါတယ်။ 

အချက်အလက်တွေကို ဘယ်နှစ်ကနေ ဘယ်နှစ်အတွင်း ယူမယ့်အကြောင်း Create File လုပ်ပြီးရင် ဒေါင်းလုပ်ဆွဲဖို့ ရက်နည်းနည်း ထပ်စောင့်ရပါတယ်။ အချက်အလက်တွေ ဒေါင်းထားတဲ့ဖိုင် ရပြီးရင်တော့ Facebook ကို ဘိုင့်ဘိုင် လုပ်နိုင်ပါပြီ။ 

Leave a Comment

Your email address will not be published. Required fields are marked *