အမေရိကန်ဆန်ရှင်ကြောင့် ဆာဗာစီးပွားရေးပါ Huawei ရောင်းမယ်လို့ သတင်းထွက်နေ

တကယ်ပဲ server business ရောင်းထုတ်ရတော့မလား

US Sanction ကြောင့် အကျပ်ဆိုက်ခဲ့ပြီး Honor စမတ်ဖုန်း Brand ကို လက်လွှတ်လိုက်ရတဲ့ Huawei ဟာ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုပါ ရောင်းချသွားဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

Bloomberg သတင်းအရ Huawei ဟာ ကုမ္ပဏီရဲ့ x86 server လုပ်ငန်းဌာနကို ရောင်းချဖို့ ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းအမြစ်တွေဆီက လာတဲ့ သတင်းဖြစ်ပြီး Huawei ဘက်က အတည်ပြုမထားသေးပါဘူး။အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် Huawei ရဲ့ Server Supply Chain လည်း အထိနာနေတယ်လို့ သတင်းထွက်နေပြီး ဒါကြောင့်ပဲ ကုမ္ပဏီအနေနဲ့ ဆာဗာစီးပွားရေးကို ရောင်းထုတ်ဖို့ ဖိအားကြုံလာတာလို့ ဆိုပါတယ်။ 

Huawei သာ ကုမ္ပဏီရဲ့ ဆာဗာလုပ်ငန်းကို ရောင်းမယ်ဆိုရင် တရုတ်ပုဂ္ဂလိကနဲ့ အများပိုင်ကုမ္ပဏီတွေကိုပဲ ရောင်းချသွားဖို့ ရှိပါတယ်။ လောလောဆယ် Huawei ဆာဗာစီးပွားရေးကို မျက်စိကျနေတဲ့ တရုတ်လုပ်ငန်းနှစ်ခုက Henan Information Industry Investment နဲ့ Huaqin Technology တို့ ဖြစ်တယ်ဆိုပြီးလည်း သတင်းတွေ ပြေးနေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မကြာခင် နောက်ထပ်အသစ်တွေ ကြားရဖို့ ရှိပါတယ်။ 

အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှု မကြုံခင်က ကမ္ဘာ့နံပါတ် ၂ အကြီးဆုံးစမတ်ဖုန်းထုတ်လုပ်သူဖြစ်ခဲ့တဲ့ Huawei ဟာ နောက်ပိုင်းမှာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ကုမ္ပဏီရဲ့ Sub-Brand ဖြစ်တဲ့ Honor စမတ်ဖုန်းအမှတ်တံဆိပ်ကို ရောင်းထုတ်လိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း ထွက်ထားတဲ့ Huawei flagship ဖုန်းတွေမှာလည်း 5G ဖုန်း ထွက်မလာတော့ပါဘူး။ 

Leave a Comment

Your email address will not be published. Required fields are marked *